ဗစ်တိုးရီးယားအဖေက ဆရာတို့၊ မရွက်နုတို့ ထွက်သွားလေမလားနဲ့ အမြဲ စိတ်ပူနေရတာ…တဲ့

မနက်​​ဖြန် ဗစ်တိုးရီးယားလေး အမှု ၈ ကြိမ်မြောက် ရုံးချိန်းစတင်မည် ဗစ်တိုးရီးယားအဖေက ဆရာတို့၊ မရွက်နုတို့ ထွက်သွားလေမလားနဲ့ ကျွန်တော့်မှာ အမြဲ စိတ်ပူနေရတာ…တဲ့

နက်ဖြန်ဆိုရင် သမီးလေးဗစ်တိုးရီးယား အမှုအတွက် ၈ ကြိမ်မြောက် ရုံးချိန်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီတပတ်ရုံးချိန်းမှာတော့ WH ကျောင်းက ဒေါ် ဥမ္မာလှိုင်ရဲ့ခင်ပွန်း နဲ့ သမီးလေး စီးတဲ့ WH ကျောင်းဖယ်ရီကားကို မောင်းတဲ့ ယာဥ်မောင်းနှစ်ဦးကို အဓိက ရုံးတင်စစ်ဆေးမေးမြန်းသွားမှာဖြစ်​ပြီး အချိန်ရခဲ့ရင် WH ကျောင်းက စီစီတီဗွီ ရုပ်သံမှတ်တမ်းကိုင်သူတွေကိုပါ စစ်မေးနိုင်ဖွယ်ရှိတယ်လို့ သမီးဗစ်တိုးရီးယားအမှုအတွက် လိုက်ပါဆောက်ရွက်သူ သက္ကမိုးညို ရဲ့ အကောင့်မှာ ရေးသားထားတာတွေကို တွေ့ခဲ့ရပါတယ်။

သက္ကမိုးညိုရဲ့ ပို့စ်မှာတွေ့ခဲ့ရတာကတော့ သမီးလေး ဗစ်တိုးရီးယား ကလေးအဖေရဲ့ အခြေအနေဖြစ်ပါတယ်။ ဗစ်တိုးရီးယားအဖေက ”ဆရာတို့၊ မရွက်နုတို့ ထွက်သွားလေမလားနဲ့ ကျွန်တော့်မှာ အမြဲ စိတ်ပူနေရတာ…” လို့ အမှု အပေါ် နဲ့ ဒီအမှုမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေ အားလုံးနီးပါး ပြန်လည်တရားစွဲခံခဲ့ရတဲ့ အပေါ် စိုးရိမ်ပူပန်တကြီးရှိစွာနဲ့ သက္ကမိုးညိုထံ ရင်ဖွင့်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Victoria လေး ဖေဖေက အဓိက ကူညီနေတဲ့သူတွေ ထားသွားမှာ၊ ၀န်းရံပေးတဲ့သူတွေ စိတ်လျော့သွားမှာ တွေးပြီး စိတ်ပူနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ ဒီစကားကြောင့် ” အမှန်ပြောရရင် ရင်ထဲ ဆို့သွားလို့ တော်တော်နဲ့ စကားမပြောနိုင်ခဲ့ဘူး။ သူစိတ်ပူမယ်ဆိုလည်း ပူထိုက်ပါတယ်။ အကျိုးစီးပွားနဲ့ ယှဉ်လာတဲ့အခါမှာ၊ အကြောက်တရားနဲ့ ယှဉ်လာတဲ့အခါမှာ ဆွေမျိုးတွေတောင်မှ စွန့်ခွာထွက်ပြေးတတ်တဲ့သဘော၊ ဘက်ပြောင်းတတ်တဲ့သူဘောကို သူရော ကျွန်တော်ရော အထပ်ထပ် ကြုံခဲ့ပြီးပြီလေ ” လို့ သက္ကမိုးညိုက ဆို့နင့်စွာနဲ့ ရေးသားတုံ့ပြန်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

သက္ကမိုးညိုက ဒီအကြောင်းတွေကို တွေးပြီး သမီးလေး ဖေဖေကို ပြန်ပြောခဲ့ပုံက ဒီလိုပါ။

ခင်ဗျားသမီးလေး နေရာမှာ ကျွန်တော့် သမီးလေး ဖြစ်နေပြီးတော့ ကျွန်တော့်မှာ အကူအညီ တယောက်မှ မရှိ၊ ကုရာကယ်ရာမဲ့နေတဲ့ ဘ၀ကို ပြန်စဉ်းစားကြည့်မိတယ်။ အဲလို စဉ်းစားမိသမျှ ခင်ဗျားကို ကျွန်တော် မထားခဲ့ဘူး။ သမီးလေးကို ကျွန်တော် အဲဒီလို ပစ်မထားခဲ့နိုင်ဘူး။

ဘယ်ကို အကူအညီ တောင်းရမယ် မသိ၊ မျက်စိသူငယ် နားသူငယ်ဘ၀နဲ့ ဟိုလူကူနိုးနိုး၊ ဒီလူ ကူနိုးနိုး ဘ၀မှာ မထားခဲ့နိုင်ပါဘူး။ တခြားသူ ထားခဲ့ချင် ထားခဲ့မယ်။

ကျွန်တော် မထားဘူး၊ မထားခဲ့နိုင်ပါဘူး။

ကားထဲမှာ မှောင်နေလို့ ကျွန်တော် မျက်ရည်လည်နေတာ သူမြင်မှာ မဟုတ်ပါဘူး

အဲ့ဒီပို့စ်မှာ ”သမီးလေး ဖေဖေမေမေတို့ရေဝန်းရံသူတွေလဲ ဘယ်လိုခြိမ်းခြောက်မှုနဲ့မှ ဘက်မပြောင်းပါဘူး။ victoria လေးနေရာမှာ ငါ့သမီးလေးဆိုရင် ငါ့တူမလေး ငါ့မြေးလေး ငါ့တပည့်လေးဆိုပြီး ဆရာသက္ကလို တွေးမိကြလို့ပါ။ သမီးလေး အတွက် အမှန်တရား ပေါ်ပေါက်တဲ့အထိ ဝန်းရံပါ့မယ် ” ဆိုတဲ့ ဝန်းရံသူတွေရဲ့ အားတက်ဖွယ်ရာ စကားကိုလည်း မြင်တွေ့ခဲ့ရပြီး “Victoria လေး ဖေဖေက အဓိက ကူညီနေတဲ့သူတွေ ထားသွားမှာ၊ ၀န်းရံပေးတဲ့သူတွေ စိတ်လျော့သွားမှာ တွေးပြီး စိတ်ပူနေတယ်တဲ့။ အားတင်းထားပါ Victoria လေး ဖေဖေနဲ့မေမေ” လို့ သမီးလေးမိသားစု အားပေးနေသူတွေကိုလည်း မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သမီးလေးတို့မိသားစု အားမငယ်ပါနဲ့နော် အမြဲအတူတူရှိပါတယ်လို့။ ApannPyay ပရိသတ်ကြီးတို့အတူ အမှန်တရားစစ်စစ်ပေါ်လာတဲ့တနေ့အထိ အတူတူရှိနေမှာပါ။

EFIL-APANNPYAY

Source. သက္ကမိုးညို